ကြာပန်းရေအိုင်
(၁)
အရောင်အဆင်းအနံ့ နှင့်ပြည့်စုံသောကြာပန်းရေအိုင်ကို
ကျနော်တို့ အိမ်မက် မက်ခဲ့ကြသည်။
ကြာပန်းတို့ ပျော်မွေ့ရာအရပ်သည် ရာသီဝန်းကျင်
သာယာအေးချမ်းသော ကာန်သာယာတည်း။
ရေမြင့်သောကန်သာယာတွင် ကြာပန်းပွင့်တို့
ပွင့်လေ့၊ တင့်လေ့ရှိကြပါသည်။
(၂)
မွန်တို့၏ စာပေဖွံ့ဖြိုးမှု အရှိန်အဟုန်
လျော့ကျလာနေသည်ကို ကာလများစွာ
ကျနော်တို့မြင်တွေ့ နေခဲ့ကြပါသည်။
မြေနုရာ၊ ရေကြည်ရာ လှည့်လည်ရင်း ဘီဘင်တို့သည်
ထိုစာပေကို ဖန်းတီးခဲ့ကြပြီး ဖြစ်သည်။
စစ်၊ နိုင်ငံရေး၊ စီးပွါးရေး အခက်ခဲများအကြားမှ
ဘိုး၊ ဘေး တို့သည် ထိုစာပေတို့ကို ထိန်းသိမ်းခဲ့ ကြပြီ။
ခေတ်ပြိုင်ကာလကို ထိရောက်စွာ ကိုယ်စားပြုနိုင်သော
စာပေတစ်ရပ်အဖြစ် တည်သွားနိုင်ရန်မှာ
ကျနော်တို့၏ အလှည့်တာဝန်။
နှစ်ပေါင်းများစွာ နန်းသုံး၊ လွှတ်သုံး၊ ဖြစ်ခဲ့သော စာပေ......။
တက္ကသိုလ် အဓိကဘာသာရပ်အဖြစ် တည်ရှိခဲ့ဖူးသော စာပေ......။
ပျောက်ပျက်မသွားသင့်ဟု ယုံကြည်ကြပါသည်။
ရှင်သန်နေသော ဘာသာစကား၊ စာပေတို့သည်
ခေတ်ကာလ မျိုးစုံကို ဖြတ်သန်းပြီးနောက်
အဆင့်တစ်ခုသို့ ရောက်ရှိသွားတတ်မြဲပင်တည်း။
သေဆုံးနေသော ဘာသာစာပေတို့မှာမူ
သုံးစွဲသူမရှိသလောက်ဖြစ်ကာ ပြတိုက်များတွင် ကိန်းဝပ်ကြရသည်။
မွန်စာပေကို ပြတိုက်များတွင် သီသန့်ပညာရှင်တို့သာ
လေ့လာစူးစမ်းရန်အတွက် ကျနော်တို့ မထားရစ်လိုကြပါ။
စာပေခေတ်အမျိုးမျိုးကို ဖြတ်သန်းပြီးနောက်
မြန်မာကဗျာသည် ဖြစ်ပေါ်တိုးတက်မှု၏
အထက်ဆုံးသို့ ရောက်ရှိနေလေပြီ။
မွန်တို့ ကဗျာမှာမူ ' ဝ ' ' န ' ' ရ ' အစရှိသည်။
လွန်ခဲ့သော နှစ်နှစ်ရာ့ငါးဆယ်ခန့်က တည်ရှိခဲ့သောဂိုဏ်းများ၊
ကဗျာဖွဲ့နည်းနှင့် ကိုယ်စား ပြုမှု အတိုင်းကျန်ရစ်ခဲ့ပြီဟု ဆိုချင်ပါသည်။
(၃)
ခေတ်ကိုကိုယ်စား ပြုနိုင်သော ကဗျာအဖြစ်ရှင်သန်သွားရန်
ကျနော်တို့ ကြိုးပမ်းကြည့်ကြခြင်းသာ ဖြစ်ပါသည်။
(၄)
အဆင်း၊ အရောင်၊ အနံ့တို့ နှင့်ပြည်စုံသည့်
ကြာပန်းပွင့်တို့ ပျော်မွေ့ ရှင်သန်နိုင်သော ရေကန်တစ်ကန်ကို
ကျနော်တို့ တည်ဆောက်တူးဖော်ကြည့်ကြပါမည်။
စီစဉ်သူများ